အမေနေ့မှာ ဘာတွေလုပ်ခဲ့လဲ။ (အိုးဝေအောင်)အမေရိက အမေနေ့မှာ ဘာတွေလုပ်ခဲ့လဲ လို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်တယ်။
(၁)မေလ ၁၃ရက် အမေနေ့ မတိုင်ခင်ကတည်းက အမိမြန်မာပြည်က ဒီဘ၀ မွေးမိခင်ကို ငွေပို့ကန်တော့ခဲ့တယ်။
(၂)အမေနေ့မှာ မနက်စောစော (ဒီမှာ မနက်- ဟိုမှာည)အမေ့ကို ဖုန်းဆက်ရင်း ဖုန်းထဲကနေ အမေ့ကို ”သားက ကာယကံ၊၀စီကံ၊မနောကံတို့နဲ့ ဒီနေ့ဒီအချိန်အထိ ပြစ်မှားမိခဲ့တာရှိရင် ခွင့်လွှတ်ပါ အမေ“”သား ကန်တော့လိုက်ပါတယ် အမေ”လို့ ပြောပြတော့ အမေက ”ခွင့်လွှတ်ပါတယ်။သာဓု သာဓု သာဓု ”လို့ အမေက ပြန်လည်ပြောဆိုတယ်။ဖုန်းကဒ် မကုန်ခင်အထိ
ရှေးဟောင်းနှောင်းဖြစ်လေးတွေ ပြောဖြစ်ခဲ့တယ်။
(၃)အမေနေ့ မနက် ၇နာရီကျော် အလုပ်က မပြန်ခင် happy mother's day cake နှစ်လုံး ၀ယ်ပြီး ပြန်လာခဲ့တယ်။

တလုံးကို ကျနော့်သားကို ငယ်ငယ်ကတည်းက ခလေးထိန်းလုပ်ကာ စောင့်ရှောက်ခဲ့ဖူးတဲ့ အိမ်နားက လားအိုးအမေကြီးကို ကျနော်တို့ အမေ အမှတ်နဲ့ ကိတ်မုန့် တလုံးနဲ့ဒေါ်လာ၄၀ ကန်တော့ခဲ့ပါတယ်။
နောက်တလုံးကတော့ ကျနော့သားလေးရဲ့အမေ ကျနော့် မမထားအတွက်ပါ။ကျနော့်သားက သူ့အမေကို အမေနေ့အတွက် ကိတ်မုန့်နဲ့ကန်တော့စေချင်တဲ့ စိတ်ကူးနဲ့ပါ။(ဒါပေမယ့် ကိတ်မုန့် မကြိုက်ရှာတဲ့ မမထား က အဲဒီနေ့မှာ ကိတ်မုန့်ကို ရေခဲသေတ္တာထဲထည့်ပြီး ပြန်ထုတ်ဖို့ အချိန်မရလို့ နောက်နေ့မှပဲ ကျနော်တို့ သားအဖ စားရပါတော့တယ်။)
(၄)အမေနေ့မှာ နေ့လည်၂နာရီကနေ ၄နာရီအထိ ဂရင်းကန်ညွန် ယူနီဗာစတီရဲ့ ပြဇာတ်ခန်းမမှာ ကျင်းပပြုလုပ်တဲ့ ကိုကျော်သူနဲ့မရွှေဇီးကွက်တို့ရဲ့ နာရေးကူညီမှုအသင်းအကြောင်း ဟောပြောပွဲကို သွားရောက်ခဲ့ကြတယ်။ပြည်သူ့ဂုဏ်ရည်အဖွဲ့သူ မချိုသဲတို့က ပြဇာတ်ရုံ အ၀င် မှာ စားပွဲခုံခင်းပြီး
အလှုခံဖြတ်ပိုင်းများဖြင့် နာရေးကူညီမှုအသင်းနှင့်ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲအတွက် အလှုငွေကောက်ခံခြင်း။ကျော်သူတို့ဇနီးမောင်နှံပါ တီရှပ် ဆိုဒ်မျိုးစုံကို ရံပုံငွေအတွက် ရောင်းချခြင်း၊
များအပြင် အခမဲ့ မြန်မာသတင်းစာများ၊အမေ့နို့ဖိုး ရုပ်ရှင် ဒီဗွီဒီခွေများ၊နာရေးကူညီမှုအသင်း သမိုင်းကြောင်း ဒီဗွီဒီခွေများကို ဝေငှနေတာလည်း တွေ့ရပါတယ်။
အခမ်းအနား အစမှာ ပျိုးခင်း ဒိုးအဖွဲ့နဲ့အတူ ဦးရွှေရိုး+ဒေါ်မိုး အကတို့နဲ့ စတင်ဖျော်ဖြေပါတယ်။ထို့နောက် အခမ်းအနားမှုး မဥမ္မာဗိုလ်က အခမ်းအနားအစီအစဉ်များ
ကို ဖတ်ကြားပါတယ်။
ထို့နောက် ဦးအေးမြင့်က အဖွင့်အမှာစကားပြောကြားပါတယ်။
ထို့နောက် ကိုဟန်ဝင်းချိုက မရွှေဇီးကွက်ရဲ့ကိုယ်ရေးအကျဉ်းကိုဖတ်ပြပြီးနောက် မ
ရွှေဇီးကွက်က နာရေးကူညီမှုအသင်း ဖြတ်သန်းခဲ့ရပုံ အတွေ့အကြုံတွေကို စိတ်ဝင်စားအောင် ဟောပြောပါတယ်။
ထို့နောက် မချိုသဲက ကိုကျော်သူရဲ့ ကိုယ်ရေးအကျဉ်းကို ဖတ်ပြပြီးနောက်-
ကိုကျော်သူက နာရေးကူညီမှုအသင်း ဖြစ်ပေါ်လာပုံတွေကို ရှင်းလင်းဟောပြောပါတယ်။
ထို့နောက် နာရေးကူညီမှုအသင်း သမိုင်းကြောင်း စလိုက်ရှိးပြသပါတယ်။
ထို့နောက် ကိုကျော်သူက စင်ပေါ်ကနေ ပရိသတ်က အသင်းနဲ့ပတ်သက်ပြီး မေးချင်တာဖြေပေးမယ်ဆိုလို့ မေးခွန်းများကို-
(၁)ကိုထွန်းထွန်းနိုင်
(၂)ချင်းအမျိုးသားတဦး
(၃)ကိုအိုးဝေအောင်
(၄)ကိုဝင်းဇော်တို့က တဦးချင်းမေးမြန်းကြတာကို
ကိုကျော်သူက အများနားလည်အောင် စိတ်ရှည်လက်ရှည် ဖြေကြားပေးသွားခဲ့ပါတယ်။
ညနေ၄နာရီမှာ အခမ်းအနားပြီးဆုံးလို့ အမှတ်တရ ဓါတ်ပုံများ တွဲရိုက်ကြပါတယ်။














(ရန်ကုန်က နာရေးကူညီမှုအသင်းအတွက် ကျနော်တို့ တတ်နိုင်သလောက် ဒေါ်လာ၅၀ လှုဒါန်းခဲ့ပါတယ်။)
ဟောပြောပွဲမှာ.. ထူးထူးခြားခြား ..သံဃာတပါး ကြွရောက်နားထောင်တာ တွေ့ခဲ့တယ်။ ၈၈၈၈အရေးတော်ပုံမှာ ပါဝင်ခဲ့ပြီး ၁၉၈၈ခုနှစ်နှစ်ကုန်ပိုင်းကတည်းက တောခိုလာခဲ့တဲ့ ရဟန်းပျိုဆရာတော်ပါ။ယခုအခါ အမေရိကန်နိုင်ငံသားခံယူထားပြီးသူပေမယ့် ကိုကျော်သူတို့နဲ့ ဓါတ်ပုံတွဲရိုက်ဖို့ လျှောက်ထားတဲ့အခါ ဆရာတော်ဟာ ဘာကို စိုးရိမ်ကြောင့်ကြနေတယ် မသိပါ။တွဲ မရိုက်ချင်တဲ့ သဘောဖြစ်နေလို့ အတင်း လျှောက်ထားပြီး ရိုက်ဖို့လုပ်တဲ့အခါမှာတော့ ဆရာတော် ပြောတဲ့ စကားတခွန်းကြောင့် ငိုအားထက် ရယ်အားသန်ခဲ့ရပါတယ်။ အဲဒါကတော့..”သူတို့ ငါနဲ့တွဲရိုက်လို့ မြန်မာပြည်ပြန်မရ ဖြစ်နေပါဦးမယ်”တဲ့။

ကျနော်လည်း ရိုက်နေရင်းနဲ့ မအောင့်နိုင်တော့လို့ ဆရာတော့ကို ပြန်လျှောက်ထားလိုက်ပါတယ်။”ဆရာတော့်နှယ်..၈၈ခုနှစ်တည်းက မြန်မာပြည်ကနေ ထွက်လာခဲ့တဲ့သူတွေ အခု မြန်မာပြည်ပြန်လို့ ရနေပြီ။ ဆရာတော်လည်း ပြန်လို့ရတယ်။အကုန်ပြန်လို့ ရတယ်..မစိုးရိမ်ပါနဲ့” လို့ လျှောက်ခဲ့ရင်း စိတ်ထဲကလည်း ” အမေရိကန်နိုင်ငံသား ဖြစ်နေသူတယောက်ကို ကိုကျော်သူတို့က ဓါတ်ပုံတွဲရိုက်လို့ မြန်မာပြည်ပြန်မရဘူးလို့ ဘာလို့ ကြောက်နေတာလဲ ဘုရား။ ကိုကျော်သူတို့က အမေရိကန်ကို အခုမှ လာပြီး ဓါတ်ပုံ လာ အရိုက်ခံတာ။ပြည်တွင်းမှာ အမေစုတို့က နိုင်ငံပေါင်းစုံက နိုင်ငံသားတွေနဲ့ ဓါတ်ပုံ တွဲရိုက်ခံနေတာ။ဘာကို ကြောက်နေရဦးမှာလဲ”လို့ တွေးခဲ့မိပါသေးတယ်။
တဆက်တည်း ဆက်တွေးမိတာက ဒီပြည်နယ်မှာ သံဃာ ၃ပါးသီတင်းသုံးတယ်။
တပါးက ဟောပြောပွဲလာပြီး -၂ပါးက မလာတာ ဘာ့ကြောင့်လဲ။
(နောက်နေ့မှာ ဟောပြောပွဲ မသွားတဲ့ ဦးဇင်းကို လျှောက်ထားမိပါသေးတယ်။)
”ဦးဇင်း က ကျော်သူတို့ဟောပြောပွဲ ဘာလို့ မသွားတာလဲ ဘုရား”
” ဟာ..ဒကာကလည်း... ဦးဇင်းက လူဆီကို မသွားရဘူး။လူက ဦးဇင်းတို့ကျောင်းကို လာတွေ့ရမှာ..တဲ့။သူလာတွေ့ရင် တွေ့မယ်။လာ မတွေ့ရင် သွားမတွေ့ဘူး။အဲဒါ ဦးဇင်း ရဲ့ ခံယူချက်ပဲ..”။
”ဦးဇင်းရယ်.. ဒီ ခံယူချက်ကတော့ ပြည်တွင်းမှာဆို သင့်တော်ပါတယ်။ အခု ပြည်ပမှာကျတော့ ပြည်တွင်းကနေ တကူးတကနဲ့ လာလည်ကြတဲ့ ထင်ရှားတဲ့ ဒကာ ဒကာမတွေလုပ်တဲ့ ဟောပြောပွဲတွေတော့ သံဃာတွေလည်း အားရင် တက်သင့်တာပဲ မဟုတ်လား ဘုရား။ဒီ ဒကာ ဒကာမတွေခမျာ အချိန်လုပြီး သွားလာနေရတော့ ဦးဇင်းတို့ ကျောင်းကို ရောက်ဖို့ကလည်း ခဲယဉ်းတယ်ဘုရား။တပည့်တော် အမြင်ကတော့ ဦးဇင်းရဲ့ ခံယူချက်ကိုလည်း လေးစားပါတယ်။တကူးတက သွားတက်တဲ့ ရဟန်းပျိုဆရာတော်ရဲ့ လုပ်ရပ်ကိုလည်း အပြစ်မမြင်ဘဲ ခွင့်လွှတ်နားလည်ပေးပါတယ်ဘုရား” လို့ ပြန်လည် လျှောက်ထားမိခဲ့ပါတယ်။
(၅)အမေနေ့ ညနေ ၅နာရီကျော်မှာ မမထားရဲ့အကြိုက် ဘူဖေးဆိုင်သို့ချီတက်ကာ ညနေစာ အထူး ပင်လယ်ဂဏန်းလက်မ၊ဂုံးကောင်၊ဆူရှီးအပါအ၀င် ဘူဖေးအစားအစာတို့ကို မိသားစု၃ဦး သွားရောက် စားသောက်ခဲ့ကြတယ်။
(၆)ည ၇နာရီကျော်မှာ ကိုကာကိုလာ၊စပရိုက်စ်၊ရေသန့်ဗူးများ ကဒ်လိုက်ဝယ်ယူကာ ကိုကျော်သူနဲ့မရွှေဇီးကွက်တို့ ခေတ္တ အနားယူနေတဲ့ ထွန်းထွန်း(ခ)ထွန်းထွန်းနိုင် အိမ်သို့ ချီတက်ကာ မင်းသားကြီးနဲ့သူ့ဇနီးတို့ သောက်ဖို့။ဆည်းဆာညချမ်း လာရောက်တွေ့ဆုံကြတဲ့ ပရိသတ်သောက်ဖို့ သွားပေးခဲ့ပါတယ်။(ပရိသတ်တဦးချင်း တနိုင်တပိုင်ယူဆောင်လာကြတဲ့ မြန်မာ့စားစရာအစုံအလင်ကို တချို့က စားသောက်နေကြသလို၊တချို့က ကိုကျော်သူတို့နားနေတဲ့ အခန်းထဲမှာ ရှိနေကြပြီး။တချို့က ဧည့်ခန်းမှာ ပြသနေတဲ့ ကိုကျော်သူရဲ့ ဘ၀ဖြတ်သန်းမှု ရုပ်ရှင်ကားတွေထဲက လက်ရွေးစင် ဇာတ်ကွက်တွေကို ကြည့်ရှုနေကြပါတယ်။)ကျနော်တို့က ညနေစာလည်း စားပြီးပြီ၊ကိုကျော်သူတို့နဲ့လည်း အထူးတလည် ပြောစရာ မရှိလို့ ဧည့်ခန်းမှာ ပြနေတဲ့ ကိုကျော်သူရဲ့ လက်ရွေးစင် ဇာတ်ဝင်ခန်းလေးတွေကို ငေးမောခဲ့ပါတယ်။)
ည၉နာရီကျော်မှာ ကိုကျော်သူတို့ဇနီးမောင်နှံဟာ သူတို့တည်းခိုရာအိမ်သို့ ပြန်ကြပါတယ်။ ပရိသတ်တွေလည်း ပြန်ကြပါတယ်။(ကျနော်တို့ ၀ယ်ခဲ့တဲ့ ရေသန့်ဗူးနဲ့ကိုကာကိုလာ ဆိုဒါ သံဗူးတွေ ထွန်းထွန်းအိမ်မှာ ပိုလျှံနေလို့ သူတို့ကို လိုက်ပို့တဲ့ ကားထဲသို့ ထည့်ပေးလိုက်ပါတယ်။)
မရွှေဇီးကွက်က ကားပေါ်ကနေ ကျနော်တို့ကို နှုတ်ဆက်ရင်း သူ့ရဲ့ အီးမေလ်းလိပ်စာ၊ဖုန်းနံပါတ်ပါတဲ့ ကဒ်တခုကို မှတ်မှတ်ရရ လှမ်းပေးခဲ့တာလည်း အမေများနေ့မှာ အမှတ်တရတခုပါ။
(ယခု အာရီဇိုးနားပြည်နယ်မှာ အင်ဂျင်နီယာဘွဲ့ရခဲ့တဲ့ သူတို့သား ပြည်သိမ်းကျော်(ခ)ဂျိမ်းဟာ အမေနေ့မှာ မိဘတွေကို လာရောက် မတွေ့ဆုံနိုင်တာဟာ ၀ါရှင်တန်ပြည်နယ် စီယတ်တယ်မြို့မှာ မာစတာဘွဲ့အတွက် ကျောင်းဆက်တက်နေလို့ ..ဆိုတာကို သိရှိခဲ့ရလို့ ..
အမေနေ့မှာ အမေနဲ့သားတို့ မတွေ့ရတဲ့ ဇာတ်လမ်းတွေက များပြီး၊တွေ့ရသူ လူနည်းစုတွေဟာ ကံထူးသူတွေပဲ လို့ စိတ်ထဲ တွေးနေမိပါသေးတယ်။)
(၆)ကျနော်တို့လည်း ထွန်းထွန်းအိမ်မှာ ၀ိုင်းဝန်းကောက်သိမ်းပြီး မပြန်ခင် ပြည်သူ့ဂုဏ်ရည်အသင်း အာရီဇိုးနားပြည်နယ်ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ပွဲကို ကမကထလုပ်ခဲ့သူ ကိုအေးမြင့်ရဲ့ ပြောပြချက်အရ -ည၉နာရီအထိ ရရှိတဲ့ ကိုကျော်သူတို့ နာရေးကူညီမှုအသင်းအတွက် အာရီဇိုးနား မြန်မာမိသားစုရဲ့ အလှုငွေ စုစုပေါင်းဟာ ၁၉၀၃ဒေါ်လာလို့သိရှိခဲ့ရပါတယ်။

အားလုံးကိုကျေးဇူးတင်လျှက်-
ကျန်းမာချမ်းသာ ဘေးဘယာ ဝေးကွာကြပါစေ။
အိုးဝေအောင်
မေ၁၆၊၂၀၁၂ခု။









View Map in Google Map







